Tuesday, August 10, 2010

(၂၂)နှစ်မြောက် ရှစ်လေးလုံးနေ့အမှတ်တရ ကဗျာပြိုင်ပွဲမှ ဆုရကဗျာများ

တတိယ ဆု ရရှိသော သော ကလောင်ရှင် A.M.T ရဲ့ ရှစ်ဆယ့်ရှစ် ကဗျာဖြစ်ပါတယ်။


ရှစ်ဆယ့်ရှစ်
ဖုန်းမော်
ကြို့ ကုန်း
အင်းယား
မြေနီကုန်း
မြို့ တော်ခန်းမ
ဝန်ကြီးများရုံးနဲ့ 
၅၄ ခြံ
အာဇာနည်ကုန်း
၉၀
ဂန္ဒီ
နိုဘယ်လ်
၉၆ ,၉၈
ဒီပဲယင်း
ရွှေဝါရောင်မှသည်

………………….
…………………..

သြဂုတ်ကို ဆန်ရာကစ
အပူနဲ့ ဖိအားမှာ
နှစ်ကာလတချို့ ရောင်ပြောင်းတောက်ခဲ့ပြီ
တစ်ခုတည်းသော ငလျင်ကြောပေါ်က “ မျိုးဆက် “
ညီလေးရေ
သြဂုတ်ကို ဆန်တက်
သြဂုတ်ကို ဆန်တက်
အမောဆုံး အသက်ရှူသံမှာ ငါတို့ တပ်ဦး ရှိတယ်

AMT

29.7.2010



ဒုတိယဆိုရရှိသော ကလောင်ရှင် ခွန်တာဇံ (မကဒတ) ရဲ့ အောင်ပွဲနဲ့ အဆုံးသတ်မယ် ကဗျာဖြစ်ပါတယ်။

အောင်ပွဲနဲ့ အဆုံးသတ်မယ်



နှစ်ဆယ့်နှစ် ဆိုတာလောက်နဲ့
ရှစ်လေးလုံးကို
ဖုန်းကွယ်ချေဖျက်လို့ ရနိုင်ရိုးလား။

ရှစ်လေးလုံးဆိုတာ
အဖိနှိပ်ခံ ဘ၀တွေထဲမှာ
ကမာမကြေဘူး ဖြစ်နေတယ်
ရှစ်လေးလုံးမှာ
တိုင်းပြည်ချစ်သူ အချို့
တိုင်းပြည်ချစ်တဲ့
ဝိဥာဉ်တွေ ဖြစ်သွားကြတယ်။

ရှစ်လေးလုံး ဒါဏ်ရာမှ
တိုက်ပွဲဝင် အလံတွေ ဖြစ်သွားကြတယ်
သံတိုင်ကြားက သူရဲကောင်းတွေ
အာဏာရှင်ကို မေးခွန်းထုတ်ပုံများ
ကြားတာနဲ့ ဖျားသွားနိုင်တယ်
ရက်စက်စရာနည်းလမ်း ကုန်ပြီးလားတဲ့။

ရိုးမပျော်သူတွေ
သူတို့ဘ၀နဲ့
ငြိမ်းချမ်းရေးကို
ထုဆစ်နေလိုက်ကြတာ
ရုပ်ထုတွေတောင်
ရင်ကွဲနာ ကျလောက်တယ်။

သားပျောက်မိခင်တွေများ
သူတို့ ပိုင်တဲ့ နိုဗယ်ဆုကြီးကို
ငြိမ်းချမ်းရေးအတွက်
တိုက်ပွဲဝင် ကျည်ဆံ လုပ်ပစ်ချင်သတဲ့။

ဒါတွေအားလုံးဟာ
ရှစ်လေးလုံးပဲ မဟုတ်လား

ကဲနပိုလီယံရေ
ခင်ဗျား အဘိဓါန်ထဲမှာ
ရှစ်လေးလုံးကို
ညွှန်းဖွဲ့ စပ်ဆိုမဲ့
ဝေါဟာရမရှိဘူးဆိုတာ
လက်ခံလိုက်ပါ။

ဒီတော့
အောင်ပွဲရမှ
ပြီးပြည့်စုံတဲ့
ရှစ်လေးလုံးကဗျာကို
နိဂုံးချုပ် အဆုံးသတ်မယ်။ ။


ခွန်တာဇံ (မကဒတ)



ပထမဆုရရှိသော ကလောင်ရှင် သီတာအောင် (တိုကျို-ဂျပန်) ရဲ့ ၈၈၈၈ အကြွေး ကဗျာဖြစ်ပါတယ်။



၈၈၈၈ အကြွေး

အဲဒိတုန်းကပေါ့
များလိုက်တဲ့လူအုပ်ကြီး
မျက်စေ့တဆုံး အုန်းအုန်းထပြီး
ကြွေးကြော်သံ တိုင်သူတိုင်
အလံကိုင်သူကိုင်နဲ့
တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့။

အဲဒိတုန်းကပေါ့
ထမင်းထုပ် ဝေသူဝေ
ရေအလှူ ကမ်းသူကမ်း
လူတန်းတလျှောက် ရဲရဲတောက်လို့
မိန့်ခွန်းတွေလည်း နားထောင်
လက်ခုပ်သံတွေ မြည်ဟီး
ပြည်ကြီး တုန်မတတ်ပေါ့။

အဲဒိတုန်းကပေါ့
စစ်တပ်ဆိုတာ
ပစ်ရင်မှန်အောင်ပစ်သတဲ့
နိုင်ငံကျော်မိန့်ခွန်း အပြီး
တည့်တည့်ကြီး အပစ်ခံဖို့
လက်နက်ပီးနေသလို
အသီးသီး ထွက်လာကြ
လူပင်လယ်ကြီးဖြစ်ရပေါ့။

အဲဒိတုန်းကပေါ့
ကိုယ့်ရှေ့က ဆရာသမား
ဦးနှောက်တွေအဖွေးသားနဲ့ လဲကျ
ဒဏ်ရာဗလပွနဲ့
လူထုရဲ့ ညည်းသံ
အဖန်ဖန်ပြန်ကြားရင်း
မေ့မရတဲ့ အိပ်မက်ဆိုး
ရင်ကို လာလာနှိုးလို့
ပြန်ကိုမတွေးချင်တာ
နှစ်(၂၀)ကျော်ကြာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်
အဲဒိတုန်းကပေးဆပ်ခဲ့တဲ့
လေးမြတ်သူတို့ရဲ့ စိတ်ဓါတ်
အဲဒိတုန်းက
လူထု

အဲဒိတုန်းက
ညီညွတ်မှု

အခု
ပြန်ရချင်လိုက်တာ။

သီတာအောင်(တိုကျို.ဂျပန်)